“မြန်မာလူမျိုးတုံး သတ်ဖြတ်မှု” ဆိုသည့် ခေါင်းစဉ်ဖြင့် ဂျာမနီတွင် ညီလာခံ ကျင်းပမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားအနီးရှိ ဒုက္ခသည်စခန်းတခု / Reuters

By ကျော်ခ | Published by ဧရာ၀တီ 22 February 2018 

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်များ အရေးနှင့် ပတ်သက်ပြီး မြန်မာလူမျိုးတုန်း သတ်ဖြတ်မှု (The Berlin Conference On Myanmar Genocide) ဆိုသည့် ခေါင်းစဉ်ဖြင့် ညီလာခံ တရပ် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ညီလာခံကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ဥပဒေပညာရှင်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူများ၊ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ လေ့လာသူများနှင့် “ရိုဟင်ဂျာ”အရေး လှုပ်ရှားသူများ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဘာလင်တွင် ပြုလုပ်မည့် ညီလာခံသည် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ဥရောပနှင့် ဂျာမန် လူ့အဖွဲ့ အစည်းအား အသိပေးရန် ရည်ရွယ်ကြောင်းနှင့် ထိုညီလာခံမှ တဆင့် လူထုမှ ဥရောပ ခေါင်းဆောင်များအား “နောက်တကြိမ် မဖြစ်ပေါ်စေရန် ဟူသည့် ဆုံးဖြတ်ချက်များ ချမှတ်လာစေရန်” ဖိအားပေး တောင်းဆိုလာ စေရန် မျှော်လင့်ကြောင်း ဆိုထားသည်။

ထိုညီလာခံသို့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကလည်း Skype မှတဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်ပြီး အဓိအချက်တချို့ကို ထုတ်နှုတ်ပြောဆိုသွားမည်ဖြစ်ပြီး မေးခွန်းများကိုလည်း ဖြေကြားသွားမည်ဟု သိရသည်။

ယန်ဟီးလီသည် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကို နည်းစနစ်တကျ ဖိနှိပ်ရာတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် လည်း အလိုတူအလိုပါ ဖြစ်နိုင်ကြောင်း ဗြိတိန် အသံလွှင့်ဌာန တခုဖြစ်သည့် Channel 4 News ၏ ဝက်ဆိုက်တွင် မကြာသေးမီက ပြောဆိုထားသူဖြစ်သည်။

ထိုညီလာခံသို့ ဗြိတိန် အခြေစိုက် မြန်မာရိုဟင်ဂျာ အဖွဲ့အစည်း ဥက္ကဋ္ဌ ရိုထွန်းခင်၊ ရိုဟင်ဂျာ ဘလော့ဂါ ရိုနေဆန်းလွင်၊ ရိုဟင်ဂျာ မီဒီယာ ဒါရိုက်တာနှင့် နယ်သာလန်အခြေစိုက် ဥရောပ ရိုဟင်ဂျာ ကောင်စီ ဥက္ကဋ္ဌ ရိုလှကျော် တို့အပါအဝင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ မြန်မာလူထု၏ ဝေဖန်မှုခံနေရသည့် ဦးဟန်ညောင်ဝေနှင့် ဒေါက်တာ ဇာနည် တို့လည်း တက်ရောက် ဆွေးနွေး ကြမည် ဖြစ်သည်။

ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက် ၏ သားဖြစ်ပြီး ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ယူရိုဘားမား ၏ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။ ၎င်းကို လက်ရှိ အစိုးရလက်ထက်တွင် ပြည်ဝင်ခွင့် တင်းကြပ်ထားသည်။

ဒေါက်တာဇာနည်သည် လှုအခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး မြန်မာနိုင်ငံ အရပ်သားတပိုင်း အစိုးရများ ပြောင်းလဲလာပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်များ အရေးနှင့် ပတ်သက်သည့် မှတ်ချက်များကို တစိုက်မတ်မတ် ပြောလာသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်တို့တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ARSA မူဆလင် အကြမ်းဖက် အဖွဲ့မှ တပ်မတော် တပ်စခန်းအပါအဝင် လုံခြုံရေး ကင်းစခန်း ၃၀ ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က လုံခြုံရေး ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည်ဟု ဆိုကာ လူမျိုးစုသန့်စင်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု စသည့် အသုံးအနှုန်းများဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိနေပြီး ရိုဟင်ဂျာအရေး လှုပ်ရှားသူ အချို့နှင့် လူ့အခွင့်အရေး လှုပ်ရှားနေသူ အချို့က မြန်မာ ခေါင်းဆောင်များကို ထိုဖြစ်ရပ်ပေါ် အခြေခံ၍ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) တင်ရန် လှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...