မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ်

မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ်

မြန်မာ့တပ်မတော်ဟာ ကချင်၊ကရင်တိုင်းရင်းသားလူမျိုးစုတွေကို လူမဆန်စွာဖိနှိပ် နေတယ်ဆိုတဲ့သတင်းဆိုးတွေကြားနေရတာအတော်ကြာပါပြီ။ ဗမာမဟုတ်တဲ့ တိုင်းရင်းသား လူမျိုးစုတွေတင်မက၊ ဗမာဗုဒ္ဓဘာသာတွေကိုယ်တိုင်လည်းတပ်မတော်ရဲ့အကြမ်းဖက်ဖိနှိပ်ခံနေရတာပါ။ အလားတူ ဖိနှိပ်မှုမျိုး ရိုဟင်ဂျာခေါ်ဘင်္ဂါလီတွေအပေါ် ပြုမူလာတော့ ကမ္ဘာကြီးကဥပေက္ခောပြုမထားတော့ဘဲအာရုံစိုက်လာကြပြီ မဟုတ်လား။ အဆိုးတကာ့အဆိုးဆုံးပြစ်မှုကြီးအဖြစ်သတ်မှတ်ပြီးလူမျိုးတုံးရှင်းလင်းမှုကြီးအဖြစ်ကင်းပွန်းတပ်ပေးလိုက်တယ်။

မြန်မာ့တပ်မတော်ဟာ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေအပေါ်နှစ်ရှည်ကြာဆုံးပြည်တွင်းစစ်ပွဲတွေကျူးလွန်နေတဲ့အကြောင်း တစ်ကမ္ဘာလုံးသိတယ်။ ဒါပေမဲ့ ခံစားနေရတဲ့တိုင်းရင်းသားလူမျိုးစုတွေကိုယ်တိုင်က မြန်မာ့တပ်မတော်ဟာသူတို့လူမျိုးစုတွေအပေါ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကိုကမ္ဘာက အာရုံစိုက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘူး။ ရိုဟင်ဂျာကိစ္စမှာတော့ လူမျိုးတုံး ရှင်းလင်းမှုကြီးရယ်လို့ ရုတ်တရက်ကြီးသတ်မှတ်ပြီး ဘာကြောင့်စဉ်ဆက်မပြတ် ဖိအားပေးလာကြတာလဲ။

ရိုဟင်ဂျာများအပေါ်ဖိနှိပ်ခြင်း

အာရကန်(ခေါ်)ရခိုင်မြောက်ပိုင်းကရိုဟင်ဂျာတွေကတော့ သူတို့ကိုယ်သူတို့ရိုဟင်ဂျာလို့သတ်မှတ်တာရယ်၊ သူတို့ရဲ့သမိုင်းကြောင်းလုပ်ကြံယိုးစွပ်ခံရမှုတွေကြောင့်ရယ်၊ နိုင်ငံတော်လုံခြုံရေးအတွက်အန္တရာယ်တစ်ရပ်အဖြစ် မြန်မာ့တပ်မတော်ရဲ့ဇွတ်အတင်းပုံဖော်ခံရမှုတွေအတွက်ကြောင့်ဖိနှိပ်ခံရတာဖြစ်တယ်။

၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၆၄/၆၅ လောက်မှာ အိန္ဒိယနွယ်ဖွားမြန်မာနိုင်ငံသားတွေအပေါ်ပြည်သူပိုင်သိမ်းမှုကြီး အောင်မြင်စွာကျုးလွန်ခဲဲ့ပြီးနောက်ပိုင်း မွတ်စလင်ဆန့်ကျင်ရေးနှင့်မုန်းတီးရေးအယူအဆကို မြန်မာ့တပ်မတော်အတွင်း အခိုင်အမာသွတ်သွင်း ကိန်းအောင်စေခဲ့တယ်။ ရိုဟင်ဂျာတွေဟာရိုဟင်ဂျာဖြစ်နေခြင်းကြောင့်ဘဲလူမဆန်စွာဖိနှိပ်ခံနေရတယ်။ သူတို့ဘယ်လိုနည်းနဲ့မှမတုံ့ပြန်နိုင်ကြဘူး။ ရိုဟင်ဂျာဖြစ်နေခြင်းကြောင့်ဘဲ နိုင်ငံတော်အတွက် အန္တရာယ်တစ်ရပ်အဖြစ်ပုံဖော်ဖိနှိပ်ခံရတယ်။ သူတို့ကို နိုင်ငံတော်ကရော၊ဒေသန္တရကပါနည်းမျိုးစုံသုံးပြီးအမြစ်ပြတ်သုတ်သင်ရှင်းလင်းဖို့ နှစ်ရှည်စီမံကိန်းချပြီး လုပ်ဆောင်နေကြတယ်။ ဒီလိုဖိနှိပ်မှုတွေက ၁၉၇၈ ခုနှစ်လောက် ကတည်းကဖြစ်နေခဲ့တာ။

ကိုလိုနီခေတ်မတိုင်ခင်သမိုင်းကြောင်းတို့၊ ကိုလိုနီခေတ်မှာအရှေ့ဘင်္ဂလား(စစ်တကောင်း) ကနေ မြန်မာပြည်ဘက်ကိုကူးဝင်လာတယ်တို့၊ ဗမာ-မွတ်စလင်အရေးအခင်းတို့၊ ရခိုင်-ရိုဟင်ဂျာအပြန်အလှန်သတ်ဖြတ်ခြင်းတို့၊ အသွင်ကူးပြောင်းရေးကာလအတွင်းထကြွအကြမ်းမှုတို့၊ နိုင်ငံတကာအကြမ်းဖက်မှုတို့ဆိုတဲ့ အရာတွေကိုမေ့ထားလိုက်ပါ။ ဒါတွေက မွတ်စလင်မုန်းတီးရေးအစွန်းရောက်တွေ၊ တောင်မကျ မြောက်မကျ နိုင်ငံရေးလေ့လာသူတွေ၊ မြန်မာအစိုးရနဲ့အပင်းတည့်တဲ့ သံတမန်တွေနဲ့ အချို့သောကျင့်ဝတ်မဲ့သတင်းမီဒီယာသမားတွေရဲ့ အာဘောင်အာရင်းသန်သန်ချေပပြောဆိုနေတဲ့အောက်လုံးထိုးဝါဒဖြန့်လက်သုံးစကားတွေဘဲ။

လူနည်းစုတိုင်းရင်းသားများအပေါ်ဖိနှိပ်ခြင်း

မြန်မာအစိုးရနဲ့ နိုင်ငံရေး၊စစ်ရေး ပဋိပက္ခဖြစ်နေတဲ့ရိုဟင်ဂျာမဟုတ်တဲ့ ကချင်၊ကရင်တိုင်းရင်းသားလူနည်းစုတွေကိုတော့ မြန်မာ့တပ်မတော်ကထိုးစစ်ဆင်တိုက်တယ်။ သူတို့ကိုဒုတိယတန်းစားလက်အောက်ခံတိုင်းရင်းသားအဖြစ်သွတ်သွင်းလိုတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်းအာစုတွေကိုတပ်မတော်လက်အောက်ခံအဖြစ်နှိမ်ထားလိုတယ်။ တိုင်းရင်းသားပိုင်နယ်မြေလူထုအင်အားနှင့် သဘာဝသယံဇာတတွေကို တပ်မတော်ကစိတ်ကြိုက် ခြယ်လှယ်လိုတယ်။ တိုင်းရင်းသားအင်းအားစုတွေကလက်အောက်မခံလိုဘူး။ လက်နက်မချလိုတဲ့အပြင် သူတို့ရဲ့နိုင်ငံရေးအမူအကျင့်တွေကိုလည်း မပြုပြင်လိုဘူး။

တိုင်းရင်းသားလူနည်းစုတွေကိုဖိနှိပ်နေခြင်းကရိုဟင်ဂျာများကဲ့သို့တိုင်းရင်းသားဖြစ်ခြင်း-မဖြစ်ခြင်း၊ ပြည်တွင်းနေဟုတ်ခြင်း-မဟုတ်ခြင်းတို့နှင့်မသက်ဆိုင်ဘဲ၊ ဗမာလူမျိုးကြီးဝါဒအောက်မခိုလှုံလိုခြင်း၊ ဗဟိုထိန်းချုပ်မှုမခံလိုခြင်းကြောင့်သာ ပြစ်တင်တိုက်ခိုက်ခံနေရတာဖြစ်တယ်။ ဒီတိုင်းရင်းသားလူမျိုးစုတွေသာ မြန်မာအစိုးရနဲ့တပ်မတော်လက်အောက်ခံမယ်ဆိုရင်ငြိမ်းချမ်းစွာနေထိုင်ရေးတော့ရမယ်။ သူတို့ တိုင်းရင်းသားပိုင်မြေတွေ၊ တောတောင်သဘာဝသယံဇာတတွေကတော့ စစ်ဗိုလ်ချုပ်တွေ၊ ခရိုနီတွေနဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံသူတွေရဲ့ဂုတ်သွေးစုတ်ခံရမှာအမှန်ဘဲ။

လူများစုဗမာ-ဗုဒ္ဓဘာသာများအပေါ်ဖိနှိပ်ခြင်း

ဗမာ-ဗုဒ္ဓဘာသာလူများစုတွေဟာလည်းစစ်အုပ်ချုပ်ရေးအောက်မှာ နှစ်(၅၀)လောက် အလူးအလိမ့်ဖိနှိပ်ခံနေရတာပါဘဲ။ အများစုဆင်းရဲမွဲတေလာတယ်။ယို့ယွင်းပျက်စီးလာတဲ့နိုင်ငံစီးပွားရေးအခြေအနေအရ ပြည့်တန်ဆာတွေများလာတယ်။ အိမ်နီးချင်း ထိုင်း၊အင်ဒိုနီးရှားနိုင်ငံငါးဖမ်းလုပ်ငန်း၊စိုက်ပျိုးရေလုပ်ငန်းတွေမှာကျွန်လုပ်သားတွေ ဖြစ်လာတယ်။ ရွှေ့ပြောင်းလုပ်သားတွေများလာတယ်။ ကျွမ်းကျင်လုပ်သားတွေအဖြစ် ပြောင်းရွှေ့လုပ်ကိုင်တာတွေရှိသလို ကြုံရာကျပန်းတွေလည်းလုပ်ရတယ်။ စင်ကာပူ၊မလေးရှား စတဲ့အာစီယံနိုင်ငံတွေမှာတင်မက ချမ်းသာတဲ့အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာပါ ကူလီအဖြစ်အလုပ်ကြမ်းလုပ်ရတယ်။

ဒီလိုဗမာ-ဗုဒ္ဓဘာသာလူများစုအပေါ်ဖိနိုပ်တာကတော့ ရိုဟင်ဂျာတို့ ကချင်၊ကရင် တိုင်းရင်းသားတို့အပေါ်ဖိနှိပ်တာမျိုးနဲ့အခြေခံသဘောထားချင်းမတူပါဘူး။ အုပ်ချုပ်သူလူတန်းစား ဗိုလ်ချုပ်/ဗိုလ်မှုး အထက်တန်း၊အလယ်တန်း တပ်မတော်ရဲ့ အဆင့်ဆင့်ထိမ်းကွပ်အုပ်ချုပ်ပုံမူအရ အထက်မှအောက်ဖိစနစ်ကြောင့်သာ အများပြည်သူ ဖိနှိပ်ခံနေရတာဖြစ်ပါတယ်။ တပ်မတော်ကို အကာအကွယ်ပေးထားတဲ့ အခြေခံဥပဒေနဲ့ ချည်နှောင်တုပ်ထားပြီး မဟာဗမာဝါဒကို လက်စွဲအားပြုနေတဲ့ အမျိုးသားရေးအစွန်းရောက်တွေကလည်း စစ်ဗိုလ်ချုပ်တွေနဲ့အပြိုင် ပြည်သူတွေအပေါ် ခြိမ်းခြောက်လွှမ်းမိုးမှိုင်းတိုက်နေကြပြန်တယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအပေါ်လူမျိုးတုံးရှင်းလင်းနေပါတယ်လို့ပြောနေတာတွေဟာ ယခုလိုအခြေအနေတွေဆိုးလာလို့ပါဘဲ။ မြန်မာသတင်းသမားတွေ၊ နိုင်ငံရေးအတိုက်အခံဟောင်းတွေ၊ ပညာရှင်တွေ၊ သံတမန်တွေ၊ စီးပွားရေးသမားတွေ၊ နိုင်ငံရေး နည်းပညာအရှိန်အဝါကြီးသူတွေ၊ ဗျူရိုခရက်တွေ၊ လွှတ်တော်အမတ်တွေ၊ မြို့နေလူထုနှင့်ကျေးလက်နေလူတွင်ကျယ်တွေ၊ ဘုန်းကြီး၊ စစ်သား၊ ရဲ စတဲ့လူမျိုးစုံတညီတညာတည်း ဘက်စုံ ညာသံပေး လှုံဆော်လာကြတာကြောင့်ဘဲ။

လူမျိုးတုံးရှင်းလင်းခြင်းက အမျိုးသားရေးသီချင်းဖြစ်လာတယ်။ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ပုံဖေါ်တယ်။ ဒီလိုနဲ့ဘဲ အစုပြုံလိုက်သတ်ဖြတ်မှုတို့ အစုလိုက်အမြစ်ပြတ် သုတ်သင်ခြင်းတို့ကိုလည်း နိုင်ငံတော်ကာကွယ်ရေးလို့ထင်လာကြတာပါဘဲ။

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Feb 7, 2018 | Blog
Over 80 academics and activists say they are “disturbed” at plans by...