မြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှု ဘာလင်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ

Published by The Voice Journal on February 26, 2018

မြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှု ဘာလင်ဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဂျာမနီနိုင်ငံ၏ မြို့တော် ဘာလင်တွင် ယနေ့ ကျင်းပသည့် ‘မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု’ ဆွေးနွေးပွဲသို့ မြန်မာ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော Myanmar ISIS အဖွဲ့က ကိုယ်စားလှယ်များတက်ရောက်ခွင့် မရကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိ ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

Myanmar ISIS အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာသုံးသပ်သည့် မြန်မာ အရပ်ဘက်အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ ညီညွှတ်မျှတမှုနှင့် တိုးတက်မှုများအတွက် မဟာဗျူဟာများ ချမှတ်ကာ မတူညီသော အဖွဲ့အစည်းများအကြား စေ့စပ်ညှိနှိုင်းပေးသည့် အဖွဲ့ဖြစ်သည်။ 

ယင်းဆွေးနွေးပွဲသို့ မြန်မာကိုယ်စားပြု အရပ်ဘက်ကိုယ်စားလှယ်များ တက်ရောက်ခွင့် မရခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ သံတမန်လမ်းရှိ Myanmar ISIS ရုံးတွင် ပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံတမန်များလည်း တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံက လူမျိုးသုံးသတ်ဖြတ်မှု ဆွေးနွေးပွဲကို ဘာလင်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ် သည့် W. M. Blumenthal Academy က ယနေ့ (ဖေဖော်ဝါရီလ ၂၆) ဘာလင်မြို့ရှိ Jewish Museum တွင် ကျင်းပခြင်း ဖြစ်သည်။

ဘာလင် ဆွေးနွေးပွဲတက်ခွင့်ရရန် မြန်မာကိုယ်စားလှယ်များအနေနှင့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဆွေးနွေးပွဲ စီစဉ်သူများထံသို့ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းခဲ့ကြောင်း ဒေါက်တာ အောင်ထွန်းသက်က ပြောဆိုသည်။

ဒေါက်တာအောင်ထွန်းသက်သည် ပြည်ထောင်စုအစိုးရက လုပ်ဆောင်နေသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တွင်လည်း ညှိနှိုင်းရေးမှူးချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

ယင်းသို့ စာရင်းသွင်းပြီးနောက် တက်ရောက်ခွင့်ရကြောင်း အီးမေးလ်များ လက်ခံရရှိခဲ့ကြောင်း၊ သို့သော်လည်း ဖေဖော်ဝါရီလ ၂၃ ရက်တွင်မူ ဆွေးနွေးပွဲ ထိုင်ခုံနေရာများအတွက် စာရင်းပေးသွင်းထားခြင်း မရှိသောကြောင့် ဆွေးနွေးပွဲကို တက်ရောက်ခွင့်မပြုကြောင်း ဘာလင်ဆွေးနွေးပွဲစီစဉ်သည့် အဖွဲ့က အကြောင်းပြန်ကြောင်း ၎င်းက ပြောဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်ခွင့် မရခြင်းကြောင့် ဆွေးနွေးပွဲစီစဉ်သူများကို စိတ်ပျက်မိကြောင်း ဒေါက်တာ အောင်ထွန်းသက်က ဆက်လက် ပြောဆိုသည်။ 

“ကျွန်တော်တို့ကို ဆွေးနွေးပွဲမှာ စကားပြောခွင့် ပေးစေချင်ပါတယ်။ မြန်မာပြည်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမြင်တွေကို မျှဝေချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဘာလင်ဆွေးနွေးပွဲကို ဂျာမနီနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဥရောပရှိ ပြည်သူလူထုများ အနေနှင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုများကို သိရှိစေရန် ရည်ရွယ်ကာ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း W. M. Blumenthal Academy ၏ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

 

Feb 19, 2021 | Blog
ယောမင်းကြီးမောင်မင်းဇင်လေးရေ - အစ်ကိုရေးလိုက်တဲ့ "ယောမင်းကြီးဒိုင်...
Dec 27, 2018 | Blog
ဘေဂျင်း၏ ကမ္ဘာ့ရည်မှန်းချက်များ၌ အင်ပါယာ ဒဿနအယူအဆနှင့် သမားရိုးကျ...
Nov 20, 2018 | Blog
ရေးသားသူ - Ko Sam Kosai လှေစီးပြေး ခိုးဝင် ဘင်္ဂလီနဲ့...
Nov 20, 2018 | Blog
ရေးသားသူ - ကိုသက်ဆွေဝင်း ဘင်္ဂလားဒေ့ရှ်ဘက်မှာ လူဦးရေပေါက်ကွဲပြီး...
Nov 19, 2018 | Blog
မြန်မာ့တပ်မတော်၏စနစ်တကျဖိနှိပ်မှု (၃) ရပ် မြန်မာ့တပ်မတော်ဟာ ကချင်၊...