အော်စလိုကွန်ဖရင့်မှ ပေးစာ



စည်သူအောင်မြင့် 
3.6.2015

ကိုမျိုးသန့်ရေ

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ကျွန်တော်ဟာ နော်ဝေနိုင်ငံကို ရောက်နေပါတယ်။ မေလ ၂၆ ကနေ ၂၈ ရက်နေ့အထိ အော်စလိုမြို့က နိုဘယ်လ် အင်စတီကျုမှာ ကျင်းပတဲ့ The Oslo conference to end Myanmar's systematic persecution of Rohingyas ဆိုတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခု တက်ရောက်ခဲ့တာပါ။ အဲဒီ ကွန်ဖရင့်ကို နိုင်ငံတကာက ထင်ရှားတဲ့ ပညာရှင်တွေ၊ လူ့အခွင့်အရေး ဆိုင်ရာ တာဝန်ထမ်းဆောင်ခဲ့ဖူး သူတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ ရိုဟင်ဂျာ လူမျိုးတွေ၊ သတင်းစာ ဆရာတွေ၊ သုတေသီတွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကတော့ ဆရာတော်(၃) ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး (၂) ပါး၊ ကျွန်တော်နဲ့ မန္တလေးမြို့က စာရေးဆရာ ညီပုလေးတို့ အတူတကွ သွားရောက်ခဲ့ကြပါတယ်။ ကျွန်တော်နဲ့ ဆရာညီပုလေးက လေ့လာသူအဖြစ်နဲ့ တက်ရောက်ရတာပါ။ ကွန်ဖရင့်ကို မတက်ရောက်နိုင်တဲ့ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ကြိုတင်ရိုက်ကူးထားတဲ့ ဗီဒီယို ဖိုင်တွေကနေ တဆင့် အမှာစကားတွေ ပါးခဲ့ကြပါတယ်။

အော်စလို နိုင်ငံတကာ ကွန်ဖရင့်ကို နော်ဝေဂျီယန် နိုဘယ်လ် အင်စတီကျုက ကမကထ လုပ် ဦးစီးကျင်းပတာပါ။ အစည်းအဝေးအတွက် Justice for All, Burma Task Force USA; Parliament of the World's Religions; Refugees International (USA); International State Crime Initiative (ISCI) Queen Mary University of London; Harvard Global Equality Initiative (HGEI); Oxford Poverty and Human Development Initiative (OPHI) စတဲ့ အဖွဲ့အစည်းတွေက ဝိုင်းပြီး ကူညီပံ့ပိုးပေးကြပါတယ်။ ပြောရရင် ဒီလို ညီလာခံမျိုးကို ငြိမ်းချမ်းရေးကို လိုလားတဲ့၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးလေ့ရှိတဲ့၊ မြန်မာနိုင်ငံကိုလည်း ကူညီထောက်ပံ့မှုတွေ ပေးနေတဲ့၊ နှစ်စဉ် နိုဘယ်လ် ငြိမ်းချမ်းရေး ဆု ချီးမြှင့်လေ့ရှိတဲ့ နော်ဝေနိုင်ငံက နိုဘယ်လ် အင်စတီကျု အဆောက်အအုံမှာ ကျင်းပတာကိုက ထူးခြားနေတယ်လို့ ထင်ပါတယ်။

ကွန်ဖရင့်ကို တက်ရောက်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ သူတွေကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို အစီရင်ခံစာ တင်သွင်းသူဟောင်း မစ္စတာ ကင်တားနား၊ နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီး၊ နော်ဝေဝန်ကြီးချုပ်ဟောင်း၊ စကင်ဒီနေးဗီးယား နိုင်ငံတွေရဲ့ အစိုးရ တာဝန်ရှိသူတွေ၊ နော်ဝေ-မြန်မာ ကော်မတီက တာဝန်ရှိသူတွေ၊ လန်ဒန် ကွင်းမေရီ တက္ကသိုလ်က ပရော်ဖက်ဆာ Penny Green၊ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ မောင်ဇာနည်တို့ ပါဝင်ကြပါတယ်။

အစည်းအဝေးကို ဗီဒီယို ရိုက်ကူးပြီး အမှာစကား ပါးသူတွေကတော့ မြန်မာ့ဒီမိုကရေစီရေးကို ကူညီအားပေးနေတဲ့၊ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ဖူးပြီး အစိုးရအဖွဲ့နဲ့လည်း ရင်းနှီးတဲ့ အိုးပင်းဆိုဆိုက်တီး ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာ သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်၊ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ မိုဟာမက်၊ နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူတူ၊ နိုဘယ်လ်ဆုရ အိုင်းရစ် ငြိမ်းချမ်းရေး လှုပ်ရှားသူ မာရီမက်ဂွဲ၊ နိုဘယ်လ်ဆုရ တီမော သမ္မတ နဲ့ ဝန်ကြီးချုပ်ဟောင်း ဂျိုဆေးရာမို့ဟော်တာ၊ စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရ အမာတာဆင်း စတဲ့ သူတွေ ဖြစ်ကြပါတယ်။

ကိုမျိုးသန့်ရေ
ကွန်ဖရင့်ကတော့ နှစ်ပိုင်းပါ။ ပထမ တစ်ပိုင်းကတော့ အများပြည်သူ မည်သူမဆို တက်ရောက်နိုင်တဲ့ အပိုင်းဖြစ်ပြီး ကွန်ဖရင့် ကျင်းပနေပုံကို ကွန်ပျူတာ အင်တာနက် စနစ်ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ အစည်းအဝေးမှာ ကျွန်တော် ထိထိခိုက်ခိုက် ရှိခဲ့တာကတော့ ဘီလျံနာ သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ရဲ့ ပြောကြားချက်တွေပါ။ သူဟာ မြန်မာနိုင်ငံထဲ အကြိမ်ကြိမ်ရောက်ဖူးသလို၊ အစိုးရ တာဝန်ရှိသူတွေ၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖူးသူပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် နှစ်ပေါင်းများစွာ အကူအညီပေးနေသူ တစ်ယောက်ဖြစ်သလို၊ လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းအတွက် အကူအညီတွေ အများကြီးပေးဖို့ စိတ်အားထက်သန် နေသူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူဟာ အစိုးရရဲ့ အစီအစဉ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ရိုဟင်ဂျာ-ဘင်္ဂါလီတွေ နေထိုင်ရာ ရပ်ကွက်တွေကို သွားရောက်ကြည့်ရှုခွင့် ရခဲ့ပါတယ်။ ကွန်ဖရင့်ကို ပေးပို့တဲ့ ဗီဒီယို မှတ်တမ်းထဲမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ ဂျော့ဆိုးရော့စ်ရဲ့ မျက်နှာဟာ ဝမ်းနည်းကြေကွဲ နေပုံတွေ့ရပြီး ကျွန်တော်တို့နိုင်ငံအတွက် မျှော်လင့်တာတွေ၊ စိတ်မကောင်း ဖြစ်နေပုံကိုလည်း တွေ့မြင်ရပါ တယ်။ သူပြောတာက ရိုးရိုးရှင်းရှင်းလေးပါ။

“နှစ်ပေါင်းများစွာတုန်းကလိုပဲ ဇန်နဝါရီလက မြန်မာပြည်ကို စတုတ္ထအကြိမ်မြောက် ကျွန်တော် သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်တပ်အပ် မြင်တွေ့နိုင်ဖို့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ခဏသွားလည်ခဲ့ပါတယ်။

ပြည်နယ် ခေါင်းဆောင်တွေ၊ ဒေသခံ ခေါင်းဆောင်တွေနဲ့ သာမက ရခိုင်လူထုနဲ့ရော ရိုဟင်ဂျာလူမျိုးတွေနဲ့ပါ တွေ့ဆုံ ခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များနှင့်ရော၊ ဂက်တို (ghetto) လို့သာ ခေါ်ဝေါ်ဖို့ကောင်းတဲ့ အောင်မင်္ဂလာရပ်ကွက် အမည်ရ ရိုဟင်ဂျာအများစု နေထိုင်ကြရတဲ့ စစ်တွေမြို့ရဲ့ အစိတ်အပိုင်းတစ်ခုမှာ နေထိုင်ကြသူတွေနဲ့ပါ စကားပြောခဲ့ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ ကျွန်တော့်ရဲ့ ကလေးဘဝက ပဲ့တင်သံတွေကို ပြန်ကြားရပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ၁၉၄၄ ခုနှစ်တုန်းက ဘူဒါပက်စ်မြို့က ဂျူးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာလည်း ရိုဟင်ဂျာ တစ်ယောက်လိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ဥရောပ တခွင်မှာ နာဇီတွေ တည်ထောင်ထားတဲ့ ဂျူးရပ်ကွက်တွေလိုပဲ အောင်မင်္ဂလာရပ်ကွက်ဟာလည်း မိသားစု ထောင်ပေါင်းများစွာရဲ့ မနေချင်ဘဲ နေရတဲ့ အိမ်ရာဖြစ်လာပါတယ်။ ဒီမိသားစုတွေဟာ တစ်ခါက ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။

“အခုအချိန်မှာတော့ သူတို့တတွေဟာ တွင်းဆုံးကျအောင် ချို့ချို့ငဲ့ငဲ့ အခြေအနေနဲ့ ခွဲခြားကန့်သတ်ခံရတဲ့ဘဝမှာ ဆက်လက်ကျရောက်နေအောင် ဖိအားပေးတွန်းပို့ခြင်းကို ခံနေရပါတယ်။ နာဇီတွေရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တုနှိုင်းယှဉ်ဖွယ် လုပ်ရပ်တွေဟာ အလန့်တကြား ဖြစ်လောက်ပါတယ်။ ကံကောင်းထောက်မစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း အဆင့် အထိတော့ မရောက်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။

ကျွန်တော်ဟာ အဲဒီ ကွန်ဖရင့်ကနေ နိုင်ငံတကာက မြန်မာကို ဘယ်လိုမြင်သလဲ၊ ရိုဟင်ဂျာ-ဘင်္ဂါလီ အသိုင်းအဝိုင်းကို မြန်မာအစိုးရ ကိုင်တွယ်ပုံကို ဘယ်လို ရှုမြင်၊ ဘယ်လိုသဘောထားကြသလဲ ဆိုတာ ပိုပြီး သိလာရပါကြောင်း။

ကျန်းမာပါစေ
စည်သူအောင်မြင့်

0 comments:

Post a Comment

Note: Only a member of this blog may post a comment.