Oslo Conference on Rohingyas ၌ George Soros ပြောကြားသည့် ဗီဒီယို မိန့်ခွန်း



မေ ၂၆၊ ၂၀၁၅
အောစလို၊ နော်ဝေး

အားလုံးပဲ မင်္ဂလာပါ။ ဒီကွန်ဖရင့်မှာ လူကိုယ်တိုင် မလာရောက် နိုင်တာကို ဝမ်းနည်း ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက ကျနော်ဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံ ကူညီသူ တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီ ကာလတွေ တုန်းက အပြောင်းအလဲ ဖြစ်လာနိုင်ခြေဟာ အလှမ်း ကွာဝေးလွန်းလှသလို ထင်ရပြီး ကျနော်လည်း တိုးတိုးပြီး စိတ်အားလျော့ လာမိခဲ့တယ်။ ဒါပေမယ့် ၂၀၁၀ လည်းကျရော ရုတ်တရက်ကြီး ဆိုသလို ဒါမှမဟုတ် ထင်ရတာ သက်သက်ပဲ ဖြစ်ချင်လည်း ဖြစ်မယ်၊ အုပ်ချုပ်သူ စစ်အစိုးရဟာ အလုံးစုံအာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကမ္ဘာလုံး မင်သက်မိသွားတယ်။ အမှောင်ကျခဲ့တဲ့ နေ့ရက်များအတွင်း မြန်မာပြည်မှာ ကျွန်ုပ်ထိတွေ့ဆက်ဆံခဲ့မှုကနေ အရေးကြီးတဲ့ သင်ခန်းစာတခု ကျနော်ရခဲ့တယ်။ ရံဖန်ရံခါ ရှုံးနိမ့်နေတဲ့ အရေးတခုကို မီးတောက်ဆက်လက် ရှင်သန်နေရေးအတွက် အချိန်အကြာကြီး အားပေးထောက်ကူဖို့ လိုအပ်တယ်။ ဒီနည်းနဲ့ အခြေအနေတွေ ပြောင်းလဲတဲ့အခါ ရှေ့ကိုတိုးတက်ဖို့အတွက် အခြေခံအုတ်မြစ်တွေဟာ ချပြီးသား ဖြစ်နေတယ်။ ဒီကနေ့ ခင်ဗျားတို့ကို ကျနော် အခုလို စကားပြောနေရင်းကို ကျနော်ဟာ စိတ်အားလျော့နေပြန်တာကို ကျနော်ကိုယ်ကျနော် တွေ့ရပြန်တယ်။ စစ်အုပ်ချုပ်ရေးကနေ ပိုပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို ပြောင်းရတာဟာ မလွယ်ကူဘူး။ မြန်မာအစိုးရဟာ သူရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုမှာ နေရာတော်တော်များများတော့ အစစ်အမှန် တိုးတက်အောင်လုပ်နိုင်ခဲ့တယ်။ ဒီပြုပြင်ပြောင်းလဲရေးတွေ တာရှည်မရှင်သန်မှာ ကျနော် စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးတွေဟာ နေသားတကျ မရှိသေးလို့ပဲ။

မြန်မာပြည်ရဲ့ ပစ်ပယ်ထားခြင်းခံခဲ့ရတဲ့ သဘာဝသယံဇာတရင်းမြစ်တွေကနေ ရလာတဲ့ဝင်ငွေမှန်သမျှ လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့

အခွင့်ထူးခံ လူနည်းစုရဲ့ လက်ထဲမှာပဲ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအာဏာတွေ အကုန်လုံးနီးပါး စုပြုံကျရောက်နေဆဲ ဆိုတာလည်း အမှန်တရားပါပဲ။ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို လတ်တလော ခြိမ်းခြောက်နေတာကတော့ မြင့်တက်လာနေတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး စိတ်တွေရယ်၊ အစိုးရကိုယ်တိုင်က မျက်စိမှိတ်ပေးထားတဲ့ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်ခြင်းရယ် ပါပဲ။ ဒါဟာ နေပြည်တော်က လက်ရှိအုပ်စိုးသူများရဲ့ မျက်စိအောက်မှာတင် ဖြစ်ပျက်နေတာပါ။ တိုးတက်သောအမြင်ရှိတဲ့ ဗမာအစိုးရပိုင်းဆိုင်ရာ အရာရှိအချို့နဲ့ သီးသန့်တွေ့ဆုံစကားပြောကြည့်ရာက ကျနော်သိလာရတာကတော့ အာဏာလက်ကိုင်ရှိသူထဲက တချို့ဟာ နိုင်ငံသားတိုင်းကို တန်းတူညီမျှ ဆက်ဆံတဲ့ မြန်မာနိုင်ငံကို အလိုရှိသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရာရှိတွေဟာ သေးငယ်သော်လည်း အားကောင်းလှတဲ့ ဘာသာရေးအစွန်းရောက်အုပ်စုဆီက အစွန်းရောက်အကြမ်းဖက် လှုပ်ရှားမှုတွေ ဖြစ်လာနိုင်ခြေကို ကြောက်ရွံ့နေကြတာလည်း ဖြစ်တယ်။ အဲဒီ အစွန်းရောက်သမားတွေဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးတခုလုံးကို ဖောက်ခွဲဖျက်ဆီးပစ်နိုင်တဲ့ ပေါက်ကွဲနိုင်တဲ့ အခြေအနေကို ဖန်တီးထားပြီး ဖြစ်ပါတယ်။ ဒီအစွန်းရောက်တွေနဲ့ သူတို့ရဲ့ ငွေကြေးထောက်ပံ့သူများကို အစိုးရအနေနဲ့ မဖြစ်မနေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာတုန်းကလိုပဲ ဇန္နဝါရီလက မြန်မာပြည်ကို စတုတ္ထအကြိမ်မြောက် ကျနော်သွားရောက်လည်ပတ်ခဲ့စဉ်အတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်တပ်အပ် မြင်တွေ့နိုင်ဖို့ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေကို ခဏသွားလည်ခဲ့ပါတယ်။ ပြည်နယ်ခေါင်းဆောင်တွေ၊ ဒေသခံခေါင်းဆောင်တွေ နဲ့သာမက ရခိုင်လူထုနဲ့ရော ရိုဟင်ဂျာလူမျိုးတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ နောက်ပြီး ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များနှင့်ရော၊ ဂက်တို(ghetto)လို့သာ ခေါ်ဝေါ်ဖို့ကောင်းတဲ့ အောင်မင်္ဂလာရပ်ကွက်အမည်ရ ရိုဟင်ဂျာအများစု နေထိုင်ကြရတဲ့ စစ်တွေမြို့ရဲ့ အစိတ်အပိုင်းတခုမှာ နေထိုင်ကြသူတွေနဲ့ပါ စကားပြောခဲ့ပါတယ်။ အောင်မင်္ဂလာရပ်ကွက်မှာ ကျနော့်ရဲ့ ကလေးဘဝက ပဲ့တင်သံတွေကို ပြန်ကြားရပါတယ်။ ခင်ဗျားတို့ သိကြတဲ့အတိုင်း ၁၉၄၄ ခုနှစ်တုန်းက ဘူဒါပက်စ် မြို့က ဂျူးတယောက်အနေနဲ့ ကျနော်ဟာလည်း ရိုဟင်ဂျာတယောက်လိုပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့ဥရောပတခွင်မှာ နာဇီတွေ တည်ဆောင်ထားတဲ့ ဂျူးရပ်ကွက်တွေလိုပဲ အောင်မင်္ဂလာရပ်ကွက်ဟာလည်း မိသားစုထောင်ပေါင်းများစွာရဲ့ မနေချင်ဘဲ နေရတဲ့ အိမ်ရာ ဖြစ်လာပါတယ်။ ဒီမိသားစုတွေဟာ တခါက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နှင့် အလုပ်အကိုင်အခွင့်အလမ်း တွေကို ရရှိခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ အခုအချိန်မှာတော့ သူတို့တတွေဟာ တွင်းဆုံးကျအောင် ချို့ချို့ငဲ့ငဲ့အခြေအနေနဲ့ ခွဲခြားကန့်သတ်ခံရတဲ့ဘဝမှာ ဆက်လက်ကျရောက်နေအောင် ဖိအားပေးတွန်းပို့ခြင်းကို ခံနေရပါတယ်။ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တုနှိုင်းယှဉ်ဖွယ် လုပ်ရပ်တွေဟာ အလန့်တကြားဖြစ်လောက်ပါတယ်။ ကံကောင်းထောက်မစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအဆင့်အထိတော့ မရောက်သေးပါဘူး။

ကျနော်တို့ဟာ တဦးချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ သိပ်အချိန်မနှောင်းခင်မှာ ကူပြောဖို့လိုပြီ လို့ ကျနော် အခိုင်အမာ ခံစားမိပါတယ်။ ရိုဟင်ဂျာတွေကို သူတို့ရဲ့ လုံခြုံမှုအကာအကွယ်အတွက် ဂက်တိုထဲမှာ ထည့်ထားရတာပါဆိုတဲ့ မြန်မာအစိုးရ အစဉ်တစိုက်ပြောကြားနေမှုဟာ ယုံကြည်လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော် ယုံကြည်လက်ခံလာစေဖို့ အစိုးရအာဏာပိုင်တွေက ကြိုးစားခဲ့ကြပါသေးတယ်။ သူတို့က အခြေအနေတွေ တည်ငြိမ်သွားပြီ။ ရခိုင်ပြည်ရဲ့ ရှည်လျားရှုတ်ထွေးလှတဲ့သမိုင်းကြောင်းနဲ့ ဒေသဓလေ့ထုံးစံတွေကို နားမလည်သူများလို့ သူတို့ စွတ်စွဲတဲ့ အပြင်လူများပြောသလောက် အခြေအနေတွေဟာ မဆိုးလှပါဘူးလို့ ပြောကြပါတယ်။ ရာစုနှစ်တဝက်လောက် ဖိနှိပ်ခံဘဝမှာ တသီးတခြား နေလာခဲ့ရတဲ့အခါ လူသားမျိုးနွယ်စုတခုအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ကြားက ခလောက်ဆန်တာတွေ၊ အမြတ်ထုတ်ခြင်းတွေကို အလွယ်တကူ ခံရနိုင်တယ်ဆိုတာ ကျနော်သဘောပေါက်နားလည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူအားလုံးနီးပါးဟာ မျှတတဲ့ စိတ်ထားရှိကြပြီး သူတို့တိုင်းပြည်ကို အားလုံးလွတ်လွတ်လပ်လပ် နေထိုင်နိုင်ကြတဲ့ နေရာတခုအဖြစ် လိုချင်ကြတယ်လို့လည်း ကျနော် သိထားပါတယ်။ ၂၀၁၅ ခုနှစ်ဟာ မြန်မာပြည်အတွက် အရေးပါတဲ့ နှစ်တခုပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ယန်ဟီးလီ ရဲ့ စကားနဲ့ ပြောရရင် အလှည့်အပြောင်းမှတ်ကို ရောက်နေပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနဲ့ညီတဲ့ အပြောင်းအလဲတွေလုပ်နိုင်မယ့် အလားအလာနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ့် အလားအလာတွေကြောင့် အဓိပ္ပါယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နိုင်ကောင်းပါလိမ့်မယ်။

မြန်မာပြည်ရဲ့ ကာလရှည်ကြာ မိတ်ဆွေတယောက်အနေနဲ့ရော ထောက်ခံအားပေးသူတယောက်အနေပါ တိုင်းပြည်တွင်းက လူအားလုံးအတွက် အပေါင်းလက္ခဏာ ရလဒ်တခုကို ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော့်မှာ တခါက အကောင်းမြင်စိတ်များခဲ့ရသလောက် အခုတော့ ကျနော့်မှာ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေရပါပြီ။ အာဏာလက်ကိုင်ရှိနေသူများအနေနဲ့ အစွန်းရောက်မှုကို တန်ပြန်နိုင်ဖို့နဲ့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို အမြစ်တွယ်စေဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကို ချက်ချင်းဆိုသလို လုပ်ဆောင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲတွေ မတိုင်မီမှာ လူမှုကွန်ယက်များပေါ်က မြင့်တက်နေတဲ့ အမုန်းတရားများ၊ ရိုဟင်ဂျာဆန့်ကျင်ရေး လှုံ့ဆော်မှုများနဲ့ လူမျိုးရေးခွဲခြားဖိနှိပ်တဲ့ ၉၆၉ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် တရားဝင် ဆောင်ရွက်ချက်တွေကို ပြုလုပ်ဖို့ အခရာကျလှပါတယ်။ ဗမာပြည်ဟာ စည်ပင်ဝပြောပြီး အုတ်အုတ်ကျက်ကျက် ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အနာဂတ်ကို လက်လှမ်းမီနိုင်ပါသေးတယ်။ ဒီအနာဂတ်ကို လှမ်းကိုင်နိုင်ဖို့ကတော့ ဗမာပြည်က ခေါင်းဆောင်များနဲ့ လူထု အပေါ်မှာပဲ မူတည်ပါတယ်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.